အချိန်တွေကုန်လွန်သွားသော်လည်း ...
ကျွန်တော် နောက်ဆုံးရေးခဲ့တဲ့ post ထဲမှာ Greensleeves ကဗျာအကြောင်းရေးရင်းနဲ့ အခု post ကိုရေးဖို့ စိတ်ကူးလိုက်မိပါတယ်။
အချိန်ဆိုတာ အကောင်းဆုံးမေ့ဆေးပါတဲ့။ အချိန်ကြာလာရင် ကျွန်တော်တို့ဟာ အကြောင်းအရာတော်တော်များများကို မေ့သွားတတ်ကြပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ ပတ်သတ်တဲ့ ပုဂ္ဂလိက အကြောင်းအရာတွေတောင်မှ သိပ်စွဲစွဲလန်းလန်းရှိတဲ့ ကိစ္စတစ်ချို့ကလွဲရင် မေ့သွားတတ်ကြတာ သဘာဝပါ။ အနုပညာပစ္စည်းတွေဟာလည်း ဒီနိယာမထဲကနေ ရုန်းမထွက်နိုင်ကြပါဘူး။ တော်တော်များများဟာ အချိန်ကာလတွေနဲ့အတူ ပျောက်ကွယ်သွားကြတာများပါတယ်။ ဒါပေမယ် အချိန်ကာလတွေကို ကြံ့ကြံ့ခံ ကျော်လွန်ဖြတ်သန်းလာတဲ့ အနုပညာပစ္စည်းတွေအများကြီးပါဘဲ။ အဲဒီလို ကျန်ရစ်ကြတာချင်းမှာတောင် တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ မှတ်တမ်းတင်စနစ်ကောင်းလို့ ခုချိန်ထိရှိနေတာတွေရှိသလို အတိအကျမူရင်းပြစရာမရှိဘဲ လူတွေရဲ့ နှလုံးသားကို လှုပ်ကိုင်နိုင်ခဲ့လို့ နှလုံးသားချင်းဆင့်ကမ်းသယ်လာတဲ့ အနုပညာပစ္စည်းတွေလည်း မနည်းမနောပါဘဲ။
Greensleevs ဆိုရင် ၁၅၀၀ ခုနှစ်လောက်ကတည်းကမို့ အနှစ် ၅၀၀ ကျော်ပြီလို့ဆိုရပါလိမ့်မယ်။
အား ... အချစ်ရယ် ... မင်းလုပ်ရက်တယ် ...
မင်းအနားမှာရှိရတာကို အရမ်းကျေနပ်ရင်းနဲ့ ကာလရှည်ကြာ မြတ်မြတ်နိုးနိုး ချစ်လာခဲ့တဲ့ငါ့ကို ပစ်စလခတ် မင်းပစ်ပယ်ရက်တယ် ...
အဲဒီအဖွင့်စာသားကို လူတော်တော်များများက နှစ်သက်ခဲ့ပုံရပါတယ်။ ဘုရင်တစ်ပါးရေးခဲ့တယ်လို့တော့ ယုံရခက်ခက်ဖြစ်ကြမှာပါဘဲ။ စာသားတွေရဲ့ ဖွဲ့စည်းပုံက နုလွန်းလို့ထင်ပါတယ် ... အမျိုးသမီးအဆိုတော်တွေရဲ့ ပြန်သီဆိုမှုတွေက ပိုအောင်မြင်တာတွေ့ရပါတယ်။ ကျွန်တော် နားအတွေ့ဆုံး သုံးခုကို ရေးပေးလိုက်ပါတယ်။ Scorpions အဖွဲ့ရဲ့ ဒေါသပါတဲ့ပုံစံက သီချင်းနဲ့ ပိုလိုက်သလို ခံစားရလို့ အပေါ်ဆုံးမှာထားရေးလိုက်ပါတယ်။
http://www.youtube.com/watch?v=6N3IXc_Dn9A (The Scorpions)
http://www.youtube.com/watch?v=twix9KfES9Y (The King’s Singers)
http://www.youtube.com/watch?v=vnm5isS2rHM (Blackmore’s Night)
ကျွန်တော်တို့ မြန်မာ့ ကဗျာတွေထဲမှာတော့ ကျွန်တော့်အထင် ဒီကဗျာလေးက လူသိအများဆုံးလို့ထင်မိပါတယ်။ ‘သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ’ လို့ စပေးလိုက်တာနဲ့ ‘သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည့်’ လို့ လူတော်တော်များများ သိကြပါတယ်။ ဒီကနေ့အထိ လူတိုင်း အကြောင်တိုက်ဆိုင်းတိုင်း ရေရွတ်တတ်ကြတဲ့ သံဝေဂ လင်္ကာလေးတစ်ပုဒ်ပါဘဲ။ အဲဒီကဗျာတစ်ပုဒ်လုံးကိုရတဲ့သူရှားနိုင်ပေမယ့် ‘သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည့်’ ဆိုတဲ့အပိုင်းလေးနဲ့ ‘သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ’ ဆိုတဲ့အပိုင်းလေးတွေကို လူတိုင်းနားလည် နှစ်သက်လက်ခံသုံးစွဲကြဆဲပါ။ အဲဒီကဗျာရဲ့နောက်ထပ်ထူးခြားချက်က ရေးစပ်သူ အနန္တသူရိယအမတ်ကြီးဟာ လူသတ်ကုန်းမှာ သူ့ကိုအဆုံး မစီရင်ခင်လေး လက်တန်းရေးခဲ့တာပါ။ စာဆိုဟာ တစ်ခဏနဲ့ရေးခဲ့ပေမယ့် အဲဒီကဗျာဟာ ပုဂံခေတ်ကနေ ဒီကနေ့ခေတ်အထိ ဖြောင့်ဖြောင့်တန်းတန်းခရီးဆက်ခဲ့ပါတယ်။
တရုတ်သီချင်းထဲက တစ်ပုဒ်လည်းကောက်နုတ်ချင်ပါသေးတယ်။ ‘但願人長久’ တဲ့။ ၁၁ ရာစုပတ်ဝန်းကျင်က ကဗျာဆရာ Su Shi ရဲ့ ကဗျာကို Teresa Teng (Deng Li Jun) က ကဗျာ့သက်တမ်း အနှစ် ၈၀၀ ကျော် ၂၀ ရာစုအတွင်းမှာ အောင်မြင်လှတဲ့ သီချင်းတစ်ပုဒ်ဖြစ်စေခဲ့ပါတယ်။
ကဗျာဆရာက အရက်မူးပြီး လမင်းနဲ့ စကားပြောတဲ့ ပုံစံပါ။ ဒါပေမယ့် ဒီသီချင်းမှာလည်း အမျိုးသမီး အဆိုတော်တွေရဲ့ သီချင်းတွေက နာမည်ပိုကြီးပါတယ်။
‘လမင်းရေ မင်းထွက်လာတာ ဘယ်လောက်ကြာပြီလဲ’
ကောင်းကင်မှောင်မှောင်ဆီ အရက်ခွက်ကို မ ရင်း ငါမေးလိုက်တယ်။
ဒီနန်းတော်မှာ ... အဲဒီက ကောင်းကင်ဘုံမှာ ... အခု ဘယ်နှခုနှစ်လဲ ငါမသိတော့ဘူး။
လေဟုန်စီးပြီး မင်းဆီလာလို့ အဲဒီမှာပဲ အိမ်ပြုနေတော့မယ်။
လှပခန့်ညားတဲ့ အိမ်ကြငှန်းရဲ့ ကျောက်စိမ်းခန်းမှာ ငါပုန်းနေမယ်။
ချမ်းလွန်းလို့ မခံနိုင်ရင် မင်းရဲ့ ကြည်လင်တဲ့ ရောင်စဉ်တန်းတွေကြားမှာ ငါထကမယ်လေ။
ခန်းဆောင်နီကိုလှည့်ပတ်လို့ နန်တော်တံခါးတွေဆီ ရောင်စဉ်ခလို့ မအိပ်မစက် မင်းသာနိုင်လွန်းရဲ့။
မင်းမှာ တမင်ရက်စက်လိုစိတ်လည်း ရှိပုံမရပါဘဲနဲ့ ငါတို့လူတွေ တစ်ယောက်တစ်နေရာဆီ ကွဲနေကြချိန်မှာ မင်းမို့လို့ ၀ိုင်းဝိုင်စက်စက် သာနိုင်ရက်တယ်။
လူတွေမှာ ဆုံဆည်းခြင်း ခွဲခွါခြင်း နဲ့အတူ ပျော်ရွှင်ခြင်း ကြေကွဲခြင်းတွေရှိသလို ...
လမင်းမှာလည်း ဆုတ်ခြင်း ဆန်းခြင်း နဲ့အတူ ထွန်းလင်းခြင်း မှောင်မိုက်ခြင်းတွေ ရှိခဲ့တာ ဟိုးကတည်းကပါပဲ။
မိုင်တွေ ထောင်ချီဝေးလည်း လမင်းကိုဝေမျှခံစားရင်း တို့တွေ ထာဝရ ရှင်သန်နေဖို့ မျှော်လင့်မိပါရဲ့။
တကယ်မူရင်းကဗျာကို Internet ထဲမှာ နေရာတော်တော်များများမှာတွေ့နိုင်ပါတယ်။ Youtube links အနေနဲ့က မူရင်းသီဆိုသူ Deng Li Jun နဲ့ နောက်ပိုင်းပြန်ဆိုသူတွေရဲ့ link တွေကို ထည့်ပေးလိုက်ပါတယ်။
http://www.youtube.com/watch?v=1xcxCv06tXk ( Deng Li Jun / Teresa Teng )
http://www.youtube.com/watch?v=8HPUgFXIdg8 ( Wang Fei / Faye Wang )
http://www.youtube.com/watch?v=880P16L6CvI ( Jian Xue You / Jacky Cheung )
ကိုရီးယားနိုင်ငံက 아리랑 ( Arirang ) သီချင်းဟာလည်း အနှစ် ၆၀၀ ကျော်ခဲ့ပြီဖြစ်တဲ့ သီချင်းတစ်ပုဒ်ပါ။
ဒီတောင်ပေါ်လမ်းလေးမှာ ငါ့ကိုစွန့်ပစ်ချန်ထားခဲ့သူဟာ ဆယ်လီပြည့်အောင်မှမလျှောက်ရသေးခင် သူ့ခြေထောက်တွေ နာကျင်လာလိမ့်မယ် ...
ဒီလိုကျိန်ဆိုသလိုလိုစာသားနဲ့ အစချီထားပါတယ်။ အမျိုးသမီးဆိုတဲ့ Version တွေက ပိုပညာပါသလိုရှိပါတယ်။ ဒါပေမယ့် Cho Young Pil ရဲ့ ၂၀၀၅ ခုနှစ် မြောက်ကိုရီးယားသွားဆိုခဲ့တဲ့ မြင်ကွင်းကတော့ တော်တော် ကြည်နူး ကြေကွဲဖို့ကောင်းပါတယ်။ Cho Young Pil ရဲ့ နောက် Version တစ်ခုက တော်တော်ပုံစံကွဲပေမယ့် ကောင်းလွန်းလို့ Link ပေးလိုက်မိပါတယ်။
http://www.youtube.com/watch?v=nPxZ4R_6PLs (Cho Young Pil 2005 @ North Korea)
http://www.youtube.com/watch?v=w83IEduXceE (Cho Young Pil)
http://www.youtube.com/watch?v=3wo47IO9zYY (Byeon Yeonghwa)
တစ်ကမ္ဘာ လုံးမှာရှိနေမယ့် လူသုံးများတဲ့ ဘာသာစကားကနေ လူသုံးနည်းပါးတဲ့ ဘာသာစကားတွေထဲမှာ အဲသလို အမြုတေတွေ အများကြီးရှိနေမှာဘဲ။ သူတို့မှာ နှစ်ကာလအများကြီးကို ကျော်ဖြတ် ချီတက်လာခဲ့ကြပါပြီ။ ကျွန်တော်တို့လိုက်ရှာကြရအောင်။
မှတ်ချက်။
အနန္တသူရိယအမတ်ကြီးရဲ့ ကဗျာကို ပထမ မှားနေတဲ့စာသားတွေနဲ့ တင်ထားခဲ့ပါတယ်။
နောက်မှ ကဗျာတစ်ပုဒ်လုံး ဖော်ပြထားတဲ့ ဒီ Link http://kokomaunguk.blogspot.com/2008/11/blog-post_2140.html ကနေကြည့်ပြီး ပြင်ခဲ့ပါတယ်။ ကျေးဇူး အထူးတင်ရှိပါတယ် kokomaung.uk ခင်ဗျာ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment